|
မန္တလေးမြို့ ၇၈လမ်း၊ ၃၃ လမ်းနှင့် ၃၄ လမ်းကြားရှိ အိုင်စီတီပတ်ခ် ဖွင့်လှစ်ထားသော ရတနာပုံဈေး(ယခင်တရုတ်တန်းဈေး) ၅ ထပ် အဆောက်အအုံမှာ ယနေ့ နံနက် ၇ နာရီခွဲခန့်၌ မြေညီထပ် ပန်းကန်ဆိုင်တစ်ဆိုင်မှ စတင်၍ မီးအကြီးအကျယ်လောင်ကျွမ်းခဲ့ရာ ညနေ ၇ နာရီကျော်အထိ တစ်နေကုန် ငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။
“မနက် ၇ နာရီခွဲလောက်က စလောင်တာ၊ မြေညီထပ် ဒေါ်တရုတ်မရဲ့ ပန်းကန်ဆိုင်ကနေ မီးစက်နိုးရင်း ၀ါယာ ရှော့ဖြစ်ပြီး လောင်တာ၊ ညနေ ၄ နာရီလောက်မှာ မီးညွန့်ကျိုးတယ်၊ ဒါပေမယ့် ညနေစောင်း ၇ နာရီ ကျော်လောက်ထိ ငြိမ်းနေရတုန်းပဲ”ဟု မန္တလေး သတင်းထုတ်ပြန်ရေး ၀န်ထမ်းတစ်ဦးက ပြောသည်။
မီးလောင်ရာသို့ မန္တလေး ဗဟိုမီးသတ်၊ မြို့နယ်မီးသတ်များနဲ့ တိုင်းအတွင်းရှိ ပြင်ဦးလွင်၊ ကျောက်ဆည်၊ စဥ့်ကိုင် မီးသတ်တို့မှ မီးသတ်ကား ၆၈ စီးဖြင့် လာရောက်ငြိမ်းသတ်ခဲ့ပြီး ည ၈ နာရီကျော်တွင် မီးငြိမ်းသွားသည်။
ဆုံးရှုံးမှုတန်ဖိုး အတိအကျ မရရှိသေးပဲ ခန့်မှန်းပြောကြားချက်များအရ ကျပ်သိန်းပေါင်း သောင်းချီမည်ဖြစ်ကြောင်း သိရသည်။
ရတနာပုံဈေးသည် မန္တလေးမြို့၏ ဖွံ့ဖြိုးမှု အားအကောင်းဆုံး နေရာ၌ တည်ရှိပြီး၊ မြေညီထပ်တွင် တရုတ်အ၀တ်အထည် လက်ကားဆိုင်ကြီးများ၊ ပထမထပ်တွင် SkyWalk Shopping Mall၊ ဒုတိယထပ်တွင် Relax ကာရာအိုကေနှင့် MCC ကွန်ပျူတာသင်တန်းကျောင်း၊ တတိယထပ်တွင် အိုင်တီသင်တန်းများနှင့် ကွန်ပျူတာအရောင်းဆိုင်များဖွင့်လှစ်ထားသော ICT Park၊ စတုတ္ထထပ်တွင် Ray World Complex တို့ တည်ရှိပြီး ကုန်သည်ကြီးများအသင်း၊ အထက်မြန်မာပြည် ဓါတ်ပုံအသင်း၊ မန္တလေး ဓါတ်ပုံအသင်း၊ အင်ဂျင်နီယာအသင်း၊ မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်အသင်း၊ မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်များအသင်း တို့လည်း ဖွင့်လှစ်ထားသော ၅ ထပ် အဆောက်အုံကြီးဖြစ်သည်။
ဓါတ်ပုံများအား ကိုဇင်မင်းဆွေမှ ပေးပို့ပါသည်။ အသေးစိတ် ဓါတ်ပုံများအား http://zinminswe.multiply.com/photos/album/16/Fire_At_Yadanabon_Complex ၌ မည်သူမဆို ကြည့်ရှုနိုင်ပြီး ထပ်ဆင့်ကိုးကား အသုံးပြုမည်ဆိုပါက ကိုဇင်မင်းဆွေထံ ခွင့်ပြုချက်ရယူရန် လိုအပ်မည်ဖြစ်သည်။
|