|
ရတနာပုံ ဆိုက်ဘာစီးတီးရှိ တယ်လီပို့ အဆောက်အအုံသစ်ဖွင့်ပွဲ အခမ်းအနားအား အိုင်စီတီ သတင်းပတ်အဖြင့် ဒီဇင်ဘာ ၁၄ ရက်နေ့မှ ၂၀ ရက်နေ့အထိ ခမ်းနား သိုက်မြိုက်စွာ ကျင်ပမည်ဖြစ်ရာ ကွန်ပျူတာ ပရိုဂရမ်မင်းပြိုင်ပွဲ၊ နက်ဝပ်ဂိမ်းပြိုင်ပွဲများကိုလည်း နိုင်ငံတော်အဆင့်အနေဖြင့် ဆုကြေးငွေ သိန်း ၆၀ ကျော်ပေးရန် စီစဉ်ထားကြောင်း ပြိုင်ပွဲကျင်းပရေး အဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။
ကွန်ပျူတာ ပရိုဂရမ်မင်း ပြိုင်ပွဲအား Professional အဆင့်နှင့် Intermediate အဆင့်ဟူ၍ နှစ်ပိုင်းခွဲ ကျင်းပရန် စီစဉ်ထားပြီး၊ Professional အဆင့်၌ Desktop application နှင့် Web application နှစ်ခု၌ နှစ်သက်ရာ ၀င်ရောက်ယှဉ်ပြိုင်နိုင်ပြီး Intermediate အဆင့်၌ Programming ပြိုင်ပွဲဟုသာ ခေါင်းစဉ်တပ်ထားကြောင်းသိရသည်။
“ကွန်ပျူတာ ပရိုဂရမ် ပြိုင်ပွဲက သုံးခုနဲ့ ဂိမ်းပြိုင်ပွဲက တစ်ခု၊ စုစုပေါင်း ၄ ခုမှာ ပြိုင်ပွဲတစ်ခုစီတိုင်း ပထမ၊ ဒုတိယ၊ တတိယ သုံးဆုပေးမယ်၊ ဂိမ်းနဲ့ Professional အဆင့် Programming ပြိုင်ပွဲမှာ ပထမက ဆုကြေး ၈ သိန်း၊ ဒုတိယက ဆုကြေး ၅ သိန်း၊ တတိယက ၃ သိန်း၊ Intermediate Programming မှာတော့ ပထမ ၃ သိန်း၊ ဒုတိယ ၂ သိန်း၊ တတိယ ၁ သိန်း၊ အားလုံးပေါင်း ဆုကြေးငွေ ၅၄ သိန်း ပေးမှာပါ” ဟု အဆိုပါ ပြိုင်ပွဲကျင်းပရေး အဖွဲ့ဝင်က ပြောသည်။
ပြိုင်ပွဲမေးခွန်းများအား မြန်မာနိုင်ငံ ကွန်ပျူတာအသင်းမှ တာဝန်ယူ ထုတ်မည်ဖြစ်ပြီး နမူနာမေးခွန်းနှင့် အမှတ်ပေး စည်းမျဉ်းအား အသင်းရုံး၌ စုံစမ်းရယူနိုင်ပြီး ပြိုင်ပွဲမေးခွန်းပုံစံသည် လက်တွေ့ လုပ်ငန်းခွင်၌ လိုအပ်နေသော အခြေအနေကို ကွန်ပျူတာ ပရိုဂရမ်မာ တစ်ဦးအနေနှင့် မည်ကဲ့သို့ ဖြေရှင်းပေးနိုင်မည် ဆိုသည့် အချက်ကို ဦးစားပေး မေးထားသဖြင့် မည်သည့် Programming Language နှင့်မဆို ၀င်ရောက် ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။
ပရိုဂရမ်မင်းပြိုင်ပွဲတွင် တစ်ဖွဲ့လျှင် လူနှစ်ဦး စာရင်းပေး ယှဉ်ပြိုင်နိုင်ပြီး ပြိုင်ပွဲဝင်ကြေးမှာ တစ်ဖွဲ့လျှင် ကျပ် ၅၀၀၀ ကျပ်ဖြစ်သည်
ဂိမ်းပြိုင်ပွဲအား Warcraft III, The Frozen Throne Expansion နှင့် ကျင်းပမည်ဖြစ်ပြီး အဖွဲ့တစ်ဖွဲ့လျင် ပြိုင်ပွဲဝင် ၅ ဦး၊ အရံ ၂ ဦးနှင့် ခေါင်းဆောင် တစ်ဦး စုစုပေါင်း ၈ ဦး ပါဝင်နိုင်ပြီး ပြိုင်ပွဲဝင်ကြေးမှာ တစ်ဖွဲ့လျှင် ကျပ် ၁၅၀၀၀ ဖြစ်သည်။
|