|
မန္တလေးမြို့အနီး ပြင်ဦးလွင်အသွား ကားလမ်းဘေး ၂၄ မိုင်၌ တည်ဆောက် အကောင်အထည်ဖော်လျက်ရှိသော ရတနာပုံဆိုက်ဘာစီးတီးအား ဒီဇင်ဘာ တတိယပတ်အတွင်း အိုင်စီတီပြပွဲကြီးနှင့် အတူ ဖွင့်လှစ်တော့မည်သည်။
မြန်မာနိုင်ငံ ကွန်ပျူတာအသင်းများ၏ သတ္တမအကြိမ်မြောက် အိုင်စီတီ နည်းပညာ ပြပွဲကြီးအား အဆိုပါ ရတနာပုံဆိုက်ဘာစီးတီး၌ သွားရောက် ကျင်းပခြင်းဖြင့် တပြိုင်တည်း ဖွင့်လှစ်သွားမည်ဖြစ်ပြီး ယခုအခါ ပွဲတော် စည်ကားသိုက်မြိုက်ရေးအတွက် တစ်နိုင်ငံလုံးဆိုင်ရာ ဂိမ်းပြိုင်ပွဲများ၊ ပရိုဂရမ်မင်း ပြိုင်ပွဲများ၊ ပြည်တွင်း ပြည်ပ အိုင်တီကုမ္ပဏီများ၏ ဆော့ဖ်ဝဲ၊ ဟာဒ်ဝဲ အရောင်းပြခန်းများ စုံစုံလင်လင် ပါဝင်နိုင်ရေး စီစဉ်လျက်ရှိသည်။
“ပွဲတော်ရက်တွေမှာ သွားလာရလွယ်ကူအောင် မန္တလေး-ရတနာပုံဆိုက်ဘာ-ပြင်ဦးလွင် ကားတွေ လွန်းထိုးသွားလာနေဖို့ စီစဉ်ထားပါတယ်၊ အဲဒီအချိန်မှာ ပြင်ဦးလွင် ပန်းပွဲတော်နဲ့အတူ စစ်တက္ကသိုလ်ကျောင်းဆင်းပွဲတွေနဲ့ အချိန်ကိုက် ကျင်းပတာမို့ စည်းကားမယ်လို့ မျှော်လင့်ထားပါတယ်” ပွဲတော် ကျင်းပရေး ကော်မတီ အတွင်း ပါဝင်သော အိုင်တီသမားတစ်ဦးက ပြောသည်။
“တည်ဆောက်ထားတဲ့ အဆောက်အအုံတွေ၊ လမ်းတွေကတော့ တကယ်ကို မြို့တော်အသစ်ကြီးပါပဲ။ မြန်မာပြည်က ဘယ်နေရာမှာ အင်တာနက် ဖြတ်တောက်ဖြတ်တောက် ရတာပုံဆိုက်ဘာစီးတီးမှာ မပြတ်စေရဘူးလို့လည်း ၀န်ကြီးက အာမခံထားတယ်၊ လျှပ်စစ်မီးအတွက်လည်း ရွှေလီက တိုက်ရိုက်လာတဲ့ မဟာ ဓါတ်အားလိုင်းကို အဲဒီမြို့တော်မှာ ခွဲရုံတစ်ခု ထိုင်ပြီး ၂၄ နာရီပေးမယ်လို့ ပြောတယ်”ဟု ရတာပုံဆိုက်ဘာမြို့တော်သို့ လေ့လာရေးသွားရောက်ခဲ့သော မန္တလေး လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
ရတနာပုံဆိုက်ဘာမြို့တော်တွင် အင်တာနက်အတွက် တယ်လီပို့ အဆောက်အအုံကြီး ရာနှုန်းပြည့် ပြီးစီးနေပြီး၊ ပထမအဆင့်အနေနှင့် ဆော့ဖ်ဝဲသမားများအတွက် Incubator အဆောက်အအုံ ၃ လုံးကိုလည်း ပွဲတော်ရက်အမှီ အပြီးတည်ဆောက်သွားမည်ဟု သိရသည်။
ရတနပုံဆိုက်ဘာမြို့တော်သည် မန္တလေးမြို့နှင့် ပြင်ဦးလွင်အကြား ရာသီဥတု၊ တည်နေရာ၊ ဆက်သွယ် သွားလာရေးတို့တွင် အချက်အခြာကျခြင်း၊ အနီးစခန်း လေယာဉ်ကွင်းရှိခြင်း တို့ကြောင့် လုပ်ကိုင်ခွင့်နှင့် အကောင်အထည်ဖော်မည့် မူဝါဒ မှန်ကန်ပါက မကြာမီ မြန်မာပြည်အတွက် အထူးအရေးပါသော အိုင်စီတီ အခြေပြု မြို့တော်ကြီး ဖြစ်လာနိုင်ကြောင်း အိုင်တီလုပ်ငန်းရှင်များက မျှော်လင့်နေကြသည်။
|