|
News
|
|
အစိုးရ ဓါတ်ဆီ၊ ဒီဇယ် ထုတ်ဈေးနှုန်းများ တိုးမြှင့်
|
15/08/2007 4:47:29 PM
|
|
မန္တလေးမြို့၌ ယနေ့ ၁၅ ရက်နေ့မှ စတင်၍ နိုင်ငံတော်အစိုးရ၏ တရားဝင် ရေနံထွက်ပစ္စည်းအရောင်းဆိုင်များ၌ ဓါတ်ဆီ၊ ဒီဇယ် ဈေးနှုန်းများအား ယခင်ဈေးနှုန်းများထက် နှစ်ဆနီးပါးခန့် စတင်တိုးမြှင့်လိုက်ကြောင်း သိရသည်။
"ယခင် ဓါတ်ဆီ တစ်ဂါလံကို ၁၅၀၀ ကျပ်ကနေ အခု ၂၅၀၀ ကျပ် တိုးလိုက်တာတဲ့၊ ဒီဇယ်တစ်ဂါလံကိုလည်း ၁၈၀၀ ကျပ်ကနေ ၃၀၀၀ ကျပ်ဖြစ်သွားပါတယ်၊ ဘာမှ ကြိုတင်သတင်း ကောလဟာလတွေ ထွက်မလာပဲ ရုတ်တရက်ပြောင်းလိုက်တာပါ၊ အဲဒီအတွက် ဘာအကျိုးဆက်တွေ ဖြစ်လာမယ်ဆိုတာတော့ မသိပါဘူး၊ ကျွန်တော်တို့ကတော့ ဖြစ်လာသမျှ အကောင်းပဲလို့ သတ်မှတ်ရတော့မှာပါ"ဟု ဓါတ်ဆီလာထုတ်သူ တစ်ဦးက ပြောသည်။
အဆိုပါ ဈေးနှုန်းများသည် ခွဲတမ်းဖြင့် ရောင်းချသော ထုတ်ဈေးများဖြစ်သဖြင့် ပြင်ပမှောင်ခိုဈေးကွက်၌ မည့်မျှဖြစ်သွားမည်ကို ဈေးကွက်ကျွမ်းကျင်သူများက ခန့်မှန်းရန် အခက်အခဲဖြစ်နေကြသည်။
"ဈေးနှုန်းဆိုတာ ၀ယ်လိုအားနဲ့ ရောင်းလိုအားပေါ်မှာ မူတည်တာအားလုံးအသိပဲလေ၊ ခွဲတမ်းနဲ့မဟုတ်ပဲ အလုံအလောက်ရောင်းချမှာ ဆိုရင်တော့ အပြင်မှောင်ခိုဈေး ဓါတ်ဆီတစ်ဂါလံကို ယခင် ၃၀၀၀ ကျော်ကနေ ပြုတ်ကျသွားမယ်၊ လိုအပ်ချက်ကို နယ်စပ်လမ်းကြောင်းကတဆင့် ၀င်လာမယ်ဆိုရင်လည်း အပြင်မှောင်ခိုဈေးသိပ်တက်မှာ မဟုတ်ဘူး၊ အဲဒီလို မဟုတ်ပဲ၊ အပြင်ကလည်း ၀င်လို့မရဘူး၊ ထုတ်ပေးတာလဲ မလုံလောက်ဘူး ဆိုရင်တော့ ဈေးနှုန်းတွေ ကမောက်ကမဖြစ်ကုန်မယ်၊ ဓါတ်ဆီ၊ ဒီဇယ်ဈေးတက်ရင် ကျန်တာတွေ လိုက်တက်လာမယ်" ဟု ဈေးကွက်ကျွမ်းကျင်သူတစ်ဦးက ပြောသည်။
လောင်စာဆီစွမ်းအင်ကဏ္ဍလိုအပ်ချက်သည် တစ်ကမ္ဘာလုံး အကျပ်အတည်းရင်ဆိုင်နေရသော အရေးကိစ္စတစ်ခုဖြစ်နေပြီး မြန်မာနိုင်ငံအနေနှင့်လည်း ဇီဝဒီဇယ်အဖြစ် တစ်နိုင်ငံလုံး ကြက်ဆူပင်များ အမြောက်အများစိုက်ပျိုးကာ ရင်ဆိုင်ရန် ကြိုးစားနေစဉ် ယခုကဲ့သို့ အစိုးရ ဓါတ်ဆီ၊ ဒီဇယ်ဆီ ရောင်းဈေးနှုန်းများ ရုတ်တရက် တိုးမြုင့်လိုက်ခြင်းဖြစ်သည်။
|
|