|
ခရစ်သက္ကရစ် ပြက္ခဒိန်အရ ဒီနေ့ ဇူလိုင် ၂ ရက်နေ့က ကျွန်တော့် မွေးနေ့ပါ။ ၁၉၇၄ ဆိုတဲ့ ကာလကနေ ရေတွက်ခဲ့ရင် ၃၄ နှစ် ပြည့်သွားပြီ။ လူသက်တမ်းကို ၈၀ နှစ် သတ်မှတ်ရင် ကျွန်တော် သုံးချိုးတစ်ချိုးကျော်လို့ တစ်ဝက်နားနီးလာပြီ။ ၇၀ နှစ်သက်တမ်း လို့ သတ်မှတ်ရင် ထက်ဝက်ရောက်ပြီပေါ့။ မပြောကောင်း ပြောင်းကောင်း ၆၅ နှစ်လို့ တွေးလိုက်မိရင် ကျွန်တော် နေချိန် တစ်ဝက်တောင် မကျန်တော့ပါလား…။ ဘာတွေလုပ်ခဲ့ပြီးပြီလဲ…။ ဘာတွေ လုပ်ရဦးမှာလဲ…။ သူတပါး အတွက်လား…။ ကိုယ့်အတွက်လား…။ ဒီဘ၀ ကံကြမ္မာအတွက်လား…။ နောက်ဘ၀ သံသရာအတွက်လား….။
၃၅ နှစ်ဟာ လူကြီးလို့ ပြောလို့ မရပေမယ့် လူငယ်လေး တစ်ဦးတော့ မဟုတ်တော့ဘူး။ နုဖတ်နေတဲ့ စိတ်နှလုံး မဟုတ်တော့တာကို စာရေးဆရာတွေက ဒဏ်ရာတွေလို့ ဖွဲ့နွဲ့ကြသလို တကယ်တော့ သဘာတွေလို့ ပြောရင်လဲ မမှားပါဘူး။ ၃၄ နှစ်မှာ ကျွန်တော် ဘာတွေ သင်ယူခဲ့မိလဲ..။ ဘာတွေ ရခဲ့သလဲ…။
ပြန်ကြည့်ရင် ၁၉၇၄ မှာ လူဖြစ်တယ်။ အမိအဖရဲ့ ကျွေးမွေး စောင့်ရှောက်မှုအောက်မှာ အေးအေးဆေးဆေး ကျောင်းနေခဲ့ရတယ်။ ၁၉၉၀ မှာ သာမန်ပဲ ဆယ်တန်းစာမေးပွဲအောင်တယ်။ ဘာဂုဏ်ထူးမှ မပါဘူး။ အမှတ် ၆၀ ကျော်တာဆိုလို့ အဖေရဲ့ သူငယ်ချင်း မြန်မာစာဆရာ ဦးမျိုးအောင် (အခုတော့ အကယ်ဒမီ ဒါရိုက်တာ ငြိမ်းမင်းပေါ့) ရဲ့ ကျေးဇူးနဲ့ မြန်မာစာ ၆၉ မှတ်နဲ့ ငယ်ငယ်ကတည်းက ၀ါသနာပါတဲ့ သင်္ချာက ၇၈ မှတ် ဒါလေးပဲ ရှိတယ်။ ကျန်တာတွေက ၄၀ ကျော် ၅၀ ကျော်။ ရည်ရွယ်ထားတဲ့ အတိုင်းပဲ မန္တလေး ၀ိဇ္ဇာ/သိပ္ပံ တက္ကသိုလ် တက်ခွင့်ရတယ်။ ဟုတ်တယ် ကျွန်တော်တို့ ခေတ်က စာကြည့်စားပွဲကနေ မြင်သာတဲ့ နံရံမှာ အားလုံးက All D ထွက်ရမည်။ ဆရာဝန် ဖြစ်ရမည်။ အင်ဂျင်နီယာ ဖြစ်ရမည်လို့ စာတမ်းတွေ ကပ်နေကြတဲ့ အချိန်မှာ ကျွန်တော်ကလည်း အားကျမခံ ငါသည်မုချ ၀ိဇ္ဇာ/သိပ္ပံ တက္ကသိုလ် ကျောင်းသား ဖြစ်ရမည်လို့ စာကပ်ပြီး အိပ်ခဲ့တဲ့သူပေါ့။ ဟုတ်တယ်လေ…။ အဖေက သူတက်ခဲ့တဲ့ သူတို့ရဲ့ တက္ကသိုလ်ကြီး အကြောင်း ခဏခဏ ပြန်ပြောတာကိုး…။ ပြီးတော့ ဆရာ ဇ၀နရဲ့ ကောလိပ်ဂျင် စာအုပ်ကိုလည်း ဖတ်ထားတော့….။ ကံကောတောအစား. တမာတေးတခက်နဲ့ အညာကျေးလက်က မန်းတက္ကသိုလ် ဆိုတာကို ရူးခဲ့တာပေါ့။
တက္ကသိုလ်ဝင်တန်းတွေ လျှောက်တော့ ကျွန်တော်ရဲ့ အမှတ်က သတ္တဗေဒ ရတယ်။ အဖေကလည်း သတ္တဗေဒနဲ့ပဲ ကျာင်းပြီးတယ်။ သူတို့ ခေတ်တုန်းကတော့ သတ္တဗေဒက အမှတ်များတယ်ဆိုလား။ ကျွန်တော်ခေတ်မှာတော့ အောက်မှာ ရုက္ခဗေဒ တစ်ဘာသာပဲ ကျန်တော့တယ်။ ကျွန်တော်တက်ချင်တာက သချာင်္။
သတ္တဗေဒမှာ ခုံအမှတ်က ၅။ ပထမ စတက်တဲ့နေ့ အချိန်ဇယား စကူးတဲ့ အချိန်မှာပဲ ပြသနာစတော့တယ်။ သတၱေဗဒမွာ သခ်ာၤမပါဘူး။ ကျွန်တော်ကလည်း သချာင်္ အရမ်း တွက်ချင်တာ။ အဲဒါနဲ့ စုံစမ်းလိုက်တော့ ကျွန်တော်အမှတ်က သင်္ချာ မိုင်နာပါတဲ့ ဓါတု ဗေဒ ကိုမီတယ်။ ပြောင်းလျှောက်လို့ရတယ်တဲ့။ တဆက်ထဲမှာပဲ ပထမနှစ်မှာ ဂုဏ်ထူးထွက်ရင် ထွက်တဲ့ ဘာသာ ပြောင်းလို့ရတယ်ဆိုတာ သိရတယ်။ အဲဒါနဲ့ပဲ ပထမနှစ်မှာ ဓါတုဗေဒပြောင်း၊ ဒုတိယနှစ်မှာ သင်္ချာပြောင်းပြီး နောက်ဆုံး ကျွန်တော် သချာင်္နဲ့ ဘွဲ့ရခဲ့ရော…။ ဘွဲ့ကလည်း သာမန်ပါပဲ..။ ဘွဲ့နှင်း သဘင်မှာ တခြား ဘွဲ့ရကျောင်းသားတွေကို ဂုဏ်ထူးတွေ တစ်သီကြီးနဲ့ လက်ခုပ်သံ တဖြောင်းဖြောင်း ညံနေတဲ့ အချိန်မှာ ကျွန်တော်အလှဲ့မှာတော့ အဖေနဲ့ အမေ လက်ခုပ်သံပဲ ကြားရတယ် ထင်တယ်။ အရေးမကြီးပါဘူး။ ကျွန်တော့်ဘ၀မှာ အဖေနဲ့ အမေရှိရင် အားလုံး ပြည့်စုံလုံခြုံ တာပဲ။
၁၉၉၅ နှစ်။ ဘွဲ့ရပြီးတော့လည်း သိတဲ့အတိုင်း အလုပ်လက်မဲ့။ ဘယ်သူ့မှ အပစ်မပြောပါဘူး ကိုယ်မှ အသုံးမကျခဲ့တာ။ အမေက သင်ဖူးတယ် ပထမဆုံး ကိုယ့်ကိုကိုယ် အပစ်ရှာ သားကြီးတဲ့။ အဲဒီတော့ ဘာသွားတွေ့လဲဆိုရင် ဘာမှ မလုပ်ခဲ့ရင် ဘာမှ မရဘူးဆိုတာ မြင်လိုက်တယ်။
ဘာလုပ်မလဲ စဉ်းစားတော့ အဖြေက စိတ်တိုင်းကျမထွက်လာဘူး။ ဟိုရောင်ရောင် ဒီရောင်ရောင်နဲ့ပဲ ၂၀၀၀ ခုနှစ် မန္တလေးမှာ နိုင်ငံခြားဘာသာ တက္ကသိုလ် စဖွင့်တော့ ၀င်ခွင့်ဖြေပြီး တရုပ်စာ အထူးပြုနဲ့ ကျောင်းသားပြန်လုပ်တယ်။ ပျော်စရာကြီး။ ၂ နှစ်အချိန်ပြည့်သင်တန်းမှာ ဆရာကောင်းတွေနဲ့ကြုံတော့ အထူးအောင်ဆိုပြီး ဒီပလိုမာ တစ်ခု ရလိုက်တယ်။ ဆရာပြန်လုပ်ဖို့ခေါ်တော့ ၂၀၀၂ ခုနှစ်မှာ တက္ကသိုလ် ကျူတာပေါက်စ ဖြစ်ကရော။ ၂၀၀၄ ခုနှစ် မန္တလေးမှာ မြန်မာတိုင်း(မ်) ရုံးခွဲဖွင့်တော့ သတင်းထောက် ပြောင်း လုပ်တယ်။ ၂၀၀၇ မှာ မြန်မာတိုင်း(မ်)က ထွက်တယ်။ ၂၀၀၂ ခုနှစ်လောက်ကစပြီး ကြားထဲမှာ ကွန်ပျူတာ ပရိုဂရမ်ရေးတဲ့ ပညာကို လေ့လာဖြစ်ခဲ့တယ်။ ပရိုဂရမ်တွေ ရေးပြီး ရောင်းဖူးတယ်၊ မန္တလေး အိုင်စီတီပတ်ခ် ပေါ်က AAT Business Centre မှာ ဆရာမ ဒေါ်အေးအေးသန့် ကျေးဇူးနဲ့ Software House တစ်ခု ပေါင်းလုပ်ဖြစ်ခဲ့တယ်၊ ကလေးတွေကို Programming ပြန် သင်ပေးခဲ့ဘူးတယ်။ ရန်ကုန် Mr. Accounting ကုမ္ပဏီမှာ Programmer ခနလေး ၀င်လုပ်ဖူးသေးတယ်။ မန္တလေး ကွန်ပျူတာပညာရှင်များ အသင်းမှာ အလုပ်အမှုဆောင် လုပ်လိုက်သေးတယ်။ ၂၀၀၇ ထဲမှာပဲ Microsoft Certified Professional ယူတယ်၊ Microsoft Certificied Technology Specialist ဖြေတယ်။ ၂၀၀၇ ဒီဇင်ဘာ ၃၁ မှာ စင်္ကာပူရောက်တယ်။ အခု ကွန်ပျူတာ ပရိုဂရမ်မာ လုပ်နေတယ်။ အမလေး.. မောလိုက်တာ။
ကျွန်တော့်ရဲ့ ၃၄ နှစ်ဟာ အလွန်ပျော်ရသော တက္ကသိုလ်ကျောင်းသားဘ၀၊ အလုပ်မရှိ ဘာလုပ်ရမှန်းမသိ လေနေတဲ့ဘ၀၊ တကျော့ပြန် တက္ကသိုလ်ကျောင်းသားဘ၀၊ တက္ကသိုလ်ကျောင်းဆရာဘ၀၊ သတင်းစာသမားဘ၀၊ အိုင်တီသမား တစ်ဦးရဲ့ ဘ၀။ ဘာမှသာ မဟုတ်ပေမယ့် တော်တော်လေး ဘ၀စုံလိုက်သလိုပဲ။ လူတန်းစာ အလွှာစုံကိုလည်း ပေါင်းခဲ့ရဘူးတယ်။ လမ်းဘေးမှာ တောင်းစားတဲ့ သူတောင်းစားက စလို့ အဲကွန်းခန်းတဲ့က ကောင်းစားတဲ့ ၀န်ကြီးအဆုံးပေါ့။ ဒါတောင် အဖေပေးတဲ့ ပညာနဲ့ ဓါတ်ပုံဆရာဘ၀၊ အမေ ဖတ်ခိုင်းတဲ့ စာအုပ်တွေနဲ့ ကဗျာဆရာ ဘ၀တွေကိုပါ ပေါင်းလိုက်ရင် ၃၄ နှစ်က ဘာမှသာ မဘာရသေးတာ တော်တော်တော့ ဘာလိုက်ရတယ်လို့ ပြောရမလားပဲ…။
ဒါပေမယ့် ပြီးသွားတဲ့ ခရီးတစ်ခုနဲ့ မပြီးသေးဘဲ ဆက်လှမ်ရဦးမယ့် လမ်းခုလပ်လေး ၃၅ နှစ်မှာ ကျွန်တော်မြင်လိုက်တဲ့ အတွေးတစ်ခုက ယှဉ်ပြိုင်မှုဆိုတဲ့ စကားနေရာမှာ အားကျ အတုယူ အကောင်အထည်ဖော်တယ် ဆိုတဲ့ စကားနဲ့ အစားထိုးသင့်တယ်ဆိုတဲ့အချက်ပဲ။ ငယ်ငယ်တုန်းက ဟောပြောပွဲတွေမှာ လူကြီးတွေ/ဆရာတွေက ကြုံရင် ကြုံသလို ပြောကြတယ် “မင်းတို့ ကြိုးစားကြနော်၊ သူများ ဂုဏ်ထူး ၅ ခုထွက်ရင် ကိုယ် ၆ ခုထွက်ရမယ်လို့ တွေး၊ ယှဉ်ပြိုင်လိုစိတ် မွေးမှ ကြီးပွားတိုးတက်မှာကွ” တို့ ဘာတို့ပေါ့။ တက်ကြမ်းရေးတဲ့ စာရေးဆရာ အချို့လည်း အဲဒီလိုပဲ ပြောကြတယ်။ ဟိုးတုန်းကတော့ ဟုတ်သလိုလို ထင်ရပေမယ့် ခေတ်တွေပြောင်း၊ စနစ်တွေပြောင်းလာတဲ့ အခုခေတ်မှာ ကျွန်တော်အသက် ၃၄ နှစ် အတွေ့အကြုံအရပြောရင် ယှဉ်ပြိုင်တယ်ဆိုတဲ့ စကားနေရမှာ လူငယ်တွေအတွက် အားကျ အတုယူ အကောင်အထည်ဖော်တယ် ဆိုတဲ့ စကားနဲ့ အစားထိုးပေးချင်တယ်။
“ယှဉ်” တာရယ် “ပြိုင်” တာရယ် ဆိုတဲ့ စကားနှစ်လုံးမှာ အနိုင်တွေ အရှုံးတွေနဲ့ မောလွန်းအားကြီးတယ်။ ယှဉ်ပြိုင်ပွဲတစ်ခုမှာ ကြိုးစားတိုင်း နိုင်ကြတာ မဟုတ်ပါဘူး။ ပြီးတော့ ကိုယ်က နိုင်ချင်တာလား၊ သူ့ကို ရှုံးစေချင်တာလား။ ကလေးတွေကို မမောစေချင်ဘူး။ ကျွန်တော်တော့ ယှဉ်ပြိုင်တဲ့ အလုပ်ကို မလုပ်ချင်ဘူး။ အားကျအတုယူ အကောင်အထည်ဖော်တဲ့ အလုပ်ကိုပဲ သဘောကျတယ်။
ဗုဒ္ဓဘာသာဝင် တစ်ဦးအနေနဲ့ အဲဒီစကားနှစ်ခွန်းကို သိသာအောင်ပြောရရင် ကျွန်တော်တို့ဟာ သူတော်ကောင်း ဘုရား ရဟန္တာတွေ အကျင့်ကောင်းကို ကျင့်လို့ အေးချမ်းသွားကြတာကို သူတို့ ဒီလိုအေးချမ်းရင် ငါ ဒါထက်အေးချမ်းအောင် လုပ်မယ်ဆိုပြီး “ယှဉ်ပြိုင်” ကြမှာလား၊ ဒါမှ မဟုတ် အော်... သူတော်ကောင်းတွေ အကျင့်ကောင်းကျင့်လို့ အေးချမ်းတဲ့ဘ၀မှာ နေရတယ်…။ အားကျလိုက်တာ….။ ငါလည်း သူတို့လို အကျင့်ကောင်းလိုက်ကျင့်မယ်..ဆိုပြီး တွေးသင့်၊ အကောင်အထည် ဖော်သင့်သလားဆိုတာ ပါပဲ။ စဉ်းစားသင့်ပါတယ်။ အဲဒီတော့ လူကြီးတွေ အနေနဲ့ ကလေးတွေကို အမောမခိုင်းကြပါနဲ့။ ကလေးတွေလည်း ကိုယ့်ကိုကိုယ် မောအောင် မလုပ်ကြပါနဲ့။ အေးချမ်းစွာ ကြိုးစား နေထိုင်သင့်ပါတယ်။
လူငယ်တွေဟာ ကြီးပွားတိုးတက်လိုစိတ် ပြင်းထန်ကြတယ်။ လုပ်ချင်ကိုင်ချင်စိတ် နိုးကြွကြတယ်။ ကျွန်တော်လည်း ၂၀ ကျော်က မောလို့ မောမှန်း မသိခဲ့ဘူးပေါ့။ အခု ၃၄ နှစ်ပြည့်လို့ ၃၅ နှစ်မှာ မမောချင်တော့ဘူး။ ကျွန်တော် စာတွေ ရေးမယ်။ ပရိုဂရမ်တွေ ရေးမယ်။ ဒါပေမယ့် ယှဉ်ပြိုင်မှုဆိုတဲ့ အရာတွေနေရာမှာ အားကျ အတုယူ အကောင်အထည်ဖော်လိုစိတ်တွေနဲ့ပဲ အစားထိုး နေဖို့ ဆုံးဖြတ်ထားတယ်။
ဒါ ၃၅ နှစ်ရဲ့ ပထမဆုံးနေ့မှာ ကျွန်တော်တွေးမိတဲ့ အတွေး တစ်ခုပါပဲ။
အော်..အပေါ်က ဓါတ်ပုံကို စာတမ်းထိုးဖို့ မေ့သွားတယ်၊ ကျွန်တော်သူ့ကို ပြိုင်ပြီး ထိုင်နေတာ မဟုတ်ပါဘူး။ သူ့ကို အားကျလို့ အတုယူပြီး ထိုင်ကြည့်တာပါလို့ ပြောရင်း....။
(ကျေးဇူးရှင် မိဘနှစ်ပါးကို ရှိခိုးလျက် --- အိုင်တီမောင်မောင် ဇူလိုင် ၃ ရက် ၂၀၀၈ ခုနှစ်၊ စင်္ကာပူမြို့။ နံနက် ၂ နာရီ ၀၅ မိနစ်။)
|