|
၂၀၀၇ ဒီဇင်ဘာ ၃၁ ရက်နေ့၊ ဒေသစံတော်ချိန် ၂၁ နာရီ ၃၀ မိနစ်မှာ စင်္ကာပူကို ရောက်တယ်။ ကျွန်တော့်အတွက်တော့ ပထမဆုံးသော ပြည်ပ ခရီးစဉ်ပါ။ သူတပါးမြေ၊ သူတပါးရေ ဖြစ်တဲ့ အတွက် နည်းနည်းတော့ ရင်ခုန်ပါတယ်။ အဲလိုပဲ ကိုယ့်မြေ ကိုယ့်ရေကို ခွဲခဲ့ရတဲ့ အတွက်လည်း နည်းနည်းတော့ ၀မ်းနည်းမိပါတယ်။
ကိုယ့်ကို ကိုယ် အားပေးရတယ်၊ “ငါက နိုင်ငံအကြီးကြီးကနေ လာတာ၊ ငါက IT Professional တစ်ယောက်အနေနဲ့ နိုင်ငံတကာ အတွေ့အကြုံတွေ လိုချင်လို့ လာလုပ်တာ။ ငါတို့က သမိုင်းရှိတဲ့ တိုင်းပြည်က ကွ” လို့။
ဟုတ်တယ်လေ လာချင်လွန်းလို့ ကျွန်စိတ်နဲ့ လာတာမှ မဟုတ်တာ အခြေအနေအရ ကျွန်တော်တို့ တိုင်းပြည်မှာ လျှပ်စစ်မီး ပုံမှန်မလာတာ(ခဏခဏ အမြဲတမ်းပျက်နေတာ)ရယ်၊ အင်တာ နက်တစ်ဝက် ပျက်တစ်ဝက် ဖြစ်နေတာရယ်၊ အိုင်တီသမား ၀န်ထမ်းတစ်ယောက်အနေနဲ့ တစ်လ သိန်း ၂၀ ကျော် မ၀င်နိုင်တာရယ်(ကျွန်တော် ညံ့တာလဲ ပါမှာပါ)ကြောင့်သာ ထွက်ခဲ့ရတာကိုး…။ ကျွန်တော် သေနတ် ကိုင်ပြီး စစ်မတိုက်ဖူးပေမယ့် တိုင်းပြည်ကို ချစ်တယ်။ ပုဂံသွေး ပါလို့ ပိုပြီးချစ်တယ်။
စင်္ကာပူမှာ နေရတာ အစစ အရာရာ အဆင်ပြေပါတယ်။ အားလုံး အဆင်ပြေအောင်လည်း တာဝန်ယူ လုပ်ပေးထားကြတာကိုး။ ရေမှန်တယ်၊ လျှပ်စစ်မီးမှန်တယ်၊ ငါးမိနစ် တစ်စီး ပြေးနေတဲ့ မြေအောက်ရထား၊ အဲကွန်းတွေ တပ်ထားတဲ့ လုံလုံလောက်လောက် ဘတ်စ်ကားကြီးတွေနဲ့ စနစ်ကျတဲ့ အချက်ပြမီးစနစ် (ကျွန်တော်တို့ မန္တလေးလို နှစ်ဘက်စလုံးနီတာ၊ နှစ်ဘက်စလုံး စိမ်းတာ မဖြစ်ဘူး)၊ ချောချောမွေ့မွေ့ လမ်းတွေ၊ ဘယ်သူမဆို အလွယ်တကူ ၀ယ်ကိုင်လို့ ရတဲ့ ဟန်းဖုန်းတွေ (လူတိုင်းကိုင်နိုင်ကြတယ်၊ ကျွန်တော်တောင် ညီလေး ကျေးဇူးနဲ့ လေယာဉ်ပေါ်က ဆင်းဆင်းချင်း ဟန်းဖုန်းကိုင်နေပြီ)၊ သြ … နေ့စဉ် ဘ၀မှာ ညဉ်းငြူစရာမရှိတော့လို့များ သူတို့ တစ်တွေ အကြံကောင်း ဉာဏ်ကောင်းတွေ ထွက်နေလေရော့ သလားလို့တောင် တွေးမိလိုက်သေးတယ်။ “… လမ်းပမ်း ဆက်သွယ်မှု လုံခြုံ ချောမွေ့စေရေး …” ဆိုတဲ့ စာသားကိုလည်း တန်ဖိုးထားလိုက်မိပါတယ်။
၂၀၀၈ ဇန်န၀ါရီ ၁၉ ရက်နေ့မှာ ကျွန်တော် အင်တာဗျူးတစ်ခု ဖြေရတယ်၊ အဲဒီနေ့မှာပဲ အပေါင်းအသင်း၊ မိတ်ကောင်းဆွေကောင်း ပတ်ဝန်းကျင်ရဲ့ ကူညီ ဖေးမမှုတွေကြောင့် ကျွန်တော် အလုပ်အကိုင်ကောင်း တစ်ခုကို ရလိုက်တယ်။ မိတ်ကောင်း ဆွေကောင်း ဆို ဒီမှာက မြန်မာတွေလည်း အရမ်းများနေပြီလေ … ။ ကျွန်တော်လိုပဲ မီးမမှန်လို့၊ အင်တာပျက်လို့ ထွက်လာတဲ့သူ ဘယ်နှစ်ဦး ပါလဲတော့ မသိဘူး။ Toa Payoh တိုပါးရိုး ဘုန်းကြီးကျောင်းနဲ့ Peninsular Palaza ပန်နီဆူလား ပလာဇာ ကိုသွားရင် မြန်မာတွေ စင်္ကာပူမှာ ဘယ်လောက်များနေလဲဆိုတာ သိသာနိုင်တယ်။
ဘယ်ကိုမှ ကောင်းကောင်း မလည်ပတ်ဖြစ်သေးပေမယ့်၊ Toa Payoh ဘုန်းကြီးကျေင်းကိုတော့ တစ်ပတ် နှစ်ကြိမ်လောက် ရောက်တယ်၊ အဓိဌာန် အောင်တယ် ပြောရမှာပေါ့ ဒီကိုရောက်ပြီး သုံးပတ်အတွင်းမှာ အလုပ်ရတယ်။ Toa Payoh ကို ရောက်ရင် ကိုယ့်မြေ ကိုယ့်ရေ ရွှေပြည်ကြီးကို ပိုလွမ်းလေပဲ။ ရွှေရောင် တ၀င်းဝင်းနဲ့ ဘုရားတွေကိုလည်း လွမ်းတယ်၊ ဟိုး…တောင်ထိပ်က ထုံးဖြူဖြူ ဘုရားလေးတွေကိုလည်း လွမ်းတယ်။ မနက်မနက်ဆို သင်္ကန်း တလွှားလွှားနဲ့ ဆွမ်းခံကြွကြတဲ့ မန္တလေးက သံဃာတော် ဆရာတော် ဘုရားတွေကိုလည်း လွမ်းတယ်။
ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်နေတော့ ဒီရက်ပိုင်းတွေမှာ အိုင်တီဆောင်းပါးလည်း မရေးဖြစ်ဘူး၊ သတင်းတွေလည်း မရေးဖြစ်ဘူး၊ Blog လည်း မရေးဖြစ်ဘူး၊ email နဲ့ ဆက်သွယ်ပြီး ဘာလို့ မရေးဖြစ်တာလဲ စိုးရိမ်တကြီး မေးကြ မြန်းကြတဲ့ သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ နောက်ဆို ရေးဖြစ်တော့မှာပါ။ တစ်ပတ်တစ်ခါ ASP.NET lesson ကိုလည်း ရေးဖြစ်မယ် ထင်ပါတယ်။ ဒီရက်ပိုင်းလည်း မရေးဖြစ်လို့သာပါ၊ ရင်ထဲမှာ ရေးချင်နေတာတွေက ဗလပွ။
NTU မှာ Researcher လုပ်နေကြတဲ့ မြန်မာ လူတော်လူကောင်းလေးတွေ ဆောင်းပါး၊ PHD လုပ်နေတဲ့ အစ်ကိုတစ်ယောက်ရဲ့ စာတမ်းနဲ့ မြန်မာလူငယ်တွေအတွက် နည်းမှန်လမ်းမှန် ကြိုးစားနည်းတွေ၊ Carrer Expo ဆိုပြီး လုပ်သွားတဲ့ JobsDB ရဲ့ ပြပွဲအကြောင်း၊ နောက် နေ့စဉ်နဲ့အမျှ ကျွန်တော် ကြုံရမယ့် အတွေ့အကြုံ ခံစားချက်တွေကို လူငယ်တွေ အကျိုးရှိအောင် ဝေမျှ ခံစားသွားမယ်လို့ ပြောရင်းနဲ့ပဲ …. (ရုံးသွားရတော့မယ်၊ ဒီနေ့က ပထမဆုံး တက်ရမယ့်နေ့လေ။)
|