|
၇ ရက်နေ့က ကွန်ပျူတာ ပညာရှင် အသင်းဝင်တွေ၊ လုပ်ငန်းရှင် အသင်းဝင်တွေနဲ့ ရတနာပုံဆိုက်ဘာ ကော်ပိုရေးရှင်းတဖြစ်လဲ MICT park က လုပ်ငန်းရှင်တွေနဲ့ တပျော်တပါး မော်တော်ကားကြီး စီးပြီး ရတနာပုံ ဆိုက်ဘာစီးတီးကြီးကို ရောက်ခဲ့တယ်။
အဓိကကတော့ ဖြစ်လာလတံ့သော အခြေအနေတွေအတွက် လေ့လာရေးပုံစံ သွားကြည့်ကြတာပါ။ ဒီဇင်ဘာ တတိယပတ်မှာလည်း အဲဒီမှာ အိုင်စီတီပွဲလုပ်မယ်ဆိုလို့ ကြိုပြီး နေရာတွေ သွားကြည့်ကြတာပေါ့။
“ကယ်လ်စီယံ ကွေကာကို ကိုယ့်အတွေးနဲ့ကို သောက်ကြသည်” ဆိုသလိုပေါ့ အားလုံးကတော့ ကိုယ့် ယုံကြည့်ချက် မျှော်လင့်ချက်တွေနဲ့ပါ။ (“ဖုန်းရမလား..” “အခန်းရမလား...” “မြေကွက်ရမလား...” “တွက်ခြေကိုက်မလား...” “အမြတ်ထွက်နိုင်လား...”)။
Software Incubator ဆိုတဲ့ အဆောက်အအုံရှေ့မှာ
(နောက်ဆိုရင် အဲဒီနေရာမှာ ပရိုဂရမ်မာတွေ ပျားပန်းခတ်နေကြမှာပေါ့)
ကျွန်တော်ကတော့ ဓါတ်ပုံရိုက်ချင်လို့ (အရိုက်ခံချင်လို့) လိုက်လာတာပါ။ ရတနပုံဆိုက်ဘာ စီးတီးကြီးမှာ မြန်မာပရိုဂရမ်မာတွေ၊ ပြည်ပ ပညာရှင်တွေ၊ ရင်းနှီးမြှုတ်နှံသူတွေနဲ့ ကြောက်ခမန်းလိလိကြီး (စိတ်ကူးထားသလို) စည်ကားနေချိန်မှာ ကျွန်တော်က အဝေး ရောက်နေခဲ့ရင် ကြိုလွမ်းဖို့ ဓါတ်ပုံ လိုက်ရိုက်တာပါ။
နေရာကတော့ တကယ်လွမ်းစရာပါပဲ၊ မြူနှင်းတွေ၊ ထင်ရူးပင်ကြီးတွေနဲ့ အုံဆိုင်းဆိုင်း မေမြို့ ရာသီဥတုအောက်က ကွန်ကရစ်လမ်းမကြီးတွေနဲ့ မြို့တော်အသစ်ကြီးဟာ စိတ်ကူးထဲမှာတော့ အံ့မခန်းပေါ့။
ဟိုတုန်းက အဆိုတော်မွန်းအောင်ရဲ့ “ဆီးနှင်း ရစ်သွဲ့ မြူနှင်းကြားက တောင်နဲ့ တောအလှမှာ..... .....မိုးခိုနေသူ ပျော်မယ့် စခန်း ထင်းရှုးတို့ မွှေးရာ မြေ....” ဆိုတဲ့ သီချင်းလေးကို သတိရမိတယ်။
ကျွန်တော်တို့ မန္တလေးသားတွေက အမြင်ကျဉ်းတယ် ပြောလည်း ခံပါမယ်၊ ဒေသစွဲ အရမ်းကြီးကြတယ်။ နှင်းတွေဝေရင်တောင် မန္တလေး ကျုံးဘေးက မနက်စောစော နှင်းကို ပိုလွမ်းတယ်။ နွေနေပူရင်လည်း ဦးပိန်တံတားအောက်က ဖုံတွေကိုပဲ လွမ်းတယ်။ ဒီလိုပါပဲ အားလုံး ကိုယ်မြေ ကိုယ့်ရေကို ချစ်ကြမယ်ဆိုတာ။ သွားလေသူ ဘဘဆရာ အထောက်တော်လှအောင် စကား ငှားပြောရရင် အကြောင်းကြောင်းသော အကြောင်းကြောင်းတို့ကို အကြောင်းပြုပြီးသကာလ ဆိုသလို ပျော်ရာမှာ မနေပဲ တော်ရာ (လစာကောင်းတဲ့ ပြည်ပနိုင်ငံတွေ) မှာနေ ဆိုသလို အဝေးကို ရောက်နေကြတာပါ။ ဖြစ်နိုင်ရင် ကျွန်တော်တို အားလုံး ကိုယ့်မြို့ ကိုယ့်ရွာမှာပဲ လုပ်ကိုင် စားချင်ပါတယ်။ အခြေအနေပေးခဲ့ရင် ကျွန်တော်လည်း ရတနာပုံဆိုက်ဘာ စီးတီးကြီးမှာ အိုင်တီ ကုမ္ပဏီကြီး ဖွင့်ပြီး နိုင်ငံတကာနဲ့ ရင်ဘောင်တန်းလို့ အလုပ်အကိုင်ကြီးကြီးတွေ လုပ်ချင်ပါတယ်။ (ဒါပေမယ့် အခုကြားနေရတာက အခန်း ၁၁ ခန်းလောက်ပါတဲ့ Incubator အဆောက်အအုံ ငှားခကို တစ်ရက် တစ်သိန်းလောက် ယူမယ် ဆိုတော့လဲ.....)။
|